ဖားကန့် ရတနာ မြေဆိုတာ မြန်မာ တို့ရဲ့ ကျောက်စိမ်း သိုက်ကြီး တည်ရှိရာ နေ ရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အထင် ကရ ကျောက်စိမ်း ရတနာ သိုက်ကြီးရှိ တယ် ဆိုတာကို ၁၃ ရာစု ကတည်းက သိကြ တာဖြစ်သည်။ တည်ရှိရာ နေရာ ကတော့ ဖားကန့်မြို့ကို ဗဟိုပြုပြီး ဥရု ချောင်း ၀ဲယာ ဘက်ကမ်း တွေမှာ တည်ရှိ နေကြတာပါ။
ယေဘုယျ အားဖြင့် ကျောက်စိမ်း ဆိုတာဟာ ခပ်ဆင်ဆင် တူတဲ့ ဂျေဒိုက် ကျောက်စိမ်း နဲ့ နက်ဖရိုက် ကျောက်စိမ်း တို့ ဖြစ် ပါတယ်။ ဒီနှစ်မျိုး အနက် ဂျေဒိုက် အမျိုးအစားဟာ အဖိုးတန် အရည်အ သွေး ထိပ်တန်း ကျတဲ့ ကျောက်စိမ်း အမျိုး အစား ဖြစ် ပါတယ်။ မြန်မာနိုင်ငံ ဆိုတာ ဂျေဒိုက် ကျောက်စိမ်း အမျိုးအစား ထွက် တဲ့ ကမ္ဘာ ပေါ်က တစ်ခု တည်းသော နိုင်ငံ၊ ကြီးမားတဲ့ ကျောက်စိမ်း ဈေးကွက်တည် ရှိရာ နိုင်ငံ ဖြစ်လို့ ကျောက်စိမ်း နဲ့ ပတ်သက် ရင် ဂုဏ်ယူလို့ မဆုံး နိုင်အောင် ထင်ရှား တဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဖားကန့် မြို့၊ ဆိပ်မူ ကျေးရွာအုပ်စု၊ နတ်မှော် ကျေးရွာ နတ်မှော် ချောင်းနဲ့ ရေကြည် ချောင်းတို့ ဆုံရာ မြေပုံ အညွှန်း ၉၂ – စီ ၂ဘီ ၈၅၅၆၂၂ မှာ အလျား ပေ၇၀ x အမြင့်ပေ ၂၀ x အနံ ၁၆ပေ ရှိတဲ့ ကမ္ဘာ့ အံ့ဖွယ် ကျောက်စိမ်း ရတနာ တုံး ကြီး ရှိ ပါတယ်။ ဒီ ကျောက်စိမ်း တုံးကြီးကို မူလ နေရာက မရွှေ့ဘဲ မဟာ ကျောက် စိမ်း ပြတိုက် ကို တည် ဆောက် ပြီး ထားရှိ ပါတယ်။ ဒီနှစ် အတွင်းမှာပဲ တန် ၁၁၀ ကျော်၊ ပိဿာ ၆၆,၀၀၀ ကျော်ရှိတဲ့ အရည် အသွေး, ကောင်းမွန် တဲ့ ကျောက်စိမ်း ရတနာကြီး ကိုလည်း တွေ့ရှိ ထားပြီ လို့ ကြား သိ ခဲ့ရပါတယ်။
အဲဒီ နယ်မြေကို ကျွန်တော် တို့ ရောက်ခဲ့ပါတယ်။ ရောက်ခဲ့ တာက ကျွန် တော်နဲ့ ကဗျာဆရာ မောင်သွေးသစ် တို့ပါ။ ရောက်ခဲ့တဲ့ ကာလက အခုနှစ် ဇန်န၀ါရီ နောက်ဆုံး ရက်တွေမှာပါ။ ရောက်ရတဲ့ အကြောင်းရင်းက ဖားကန့် မြို့နယ် မှာရှိတဲ့ ရပ်ကွက်တွေ၊ ကျေးရွာ တွေ၊ တစ်ရပ်ကွက်ချင်း၊ တစ်ရွာ ချင်းစီ မှာ အမေ့ နို့ဖိုးနဲ့ အဖေ့ ချွေးဖိုး ပေးဆပ်ပွဲ တွေ ကျင်းပ ရာမှာ ကျွန်တော် တို့က မိဘ နှစ်ပါးရဲ့ မေတ္တာ အနန္တ ကိုဟောပြောဖို့ သွားရောက် ခဲ့ကြတာ ဖြစ်ပါတယ်။
မြို့နယ် အလိုက် တောင် တစ်နှစ် တစ်ကြိမ် စာပေ ဟောပြောပွဲ ဒါမှမဟုတ် မိဘ မေတ္တာ ဟောပြောပွဲ မကျင်းပ နိုင်တဲ့ အချိန်မှာ ဖားကန့် မှော် ထဲမှာတော့ ရပ် ကွက် အလိုက် ကျင်းပ နိုင်တယ် ဆိုတာ အံ့သြစရာပါပဲ။ ကျွန်တော်တို့ မှော် ထဲမှာ ၁၀ရက် နေပြီး ၁၂ပွဲ ဟောခဲ့ကြပါတယ်။ ၁၂ပွဲ စလုံးမှာ တက်ရောက် တဲ့ သူတွေက လည်း အပြည့်၊ တည်ခင်း ဧည့်ခံ ကျွေးမွေး တာကအစ စေတနာ ကလည်း အပြည့် ပါပဲ။ ကျွန်တော်တို့ ဟောခဲ့တဲ့ နေရာ တွေက မော်မောင် လယန်၊ တောင်ပြို၊ ဗလခ၊ ရှရော်ခ၊ ရ၀မ်ကုန်း၊ ဆိုင်းဂျာ ဘွမ်၊ မော်ဝမ်း၊ လုံးခင်း မျောက်ဖြူ၊ ကု လာမှော်၊ စပျစ်ခူး၊ ဆိပ်မူ၊ မြို့မ အစရှိတဲ့ ကျေးရွာ တွေ၊ ရပ်ကွက် တွေမှာ ဖြစ်ပါတယ်။
ထူးခြား တာက မြန်မာနိုင်ငံ တစ်နံ တစ်လျားမှာ အမေနေ့ ဆိုပြီး ကျင်းပနေတဲ့ အချိန်မှာ မှော်ဒေသ ကျောက်စိမ်း ဒေသ ထဲမှာက အမေ့ နို့ဖိုးနဲ့ အဖေ့ ချွေးဖိုးပါ ပေးဆပ် ပူဇော်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။ မှော်ဆိုတာ ကျောက်စိမ်း ထွက်ရှိရာ ဒေသ ကို ခေါ်လိုက် ကြတာပါ။
မှော်ထဲမှာ ဆိုတာက တစ်နိုင်ငံလုံး က လူငယ် လူရွယ်တွေဟာ မြေလွှာကို ဖွင့် တိုင်းပြည်ကို မြှင့်မယ် ဆိုပြီး ဇွဲရှိရှိ သတ္တိ ပြောင်ပြောင် နဲ့ မိဝေး ဘဝေး ရောက်ရှိလာ ကြ သူတွေ ဖြစ်ပါတယ်။ သူတို့ ကျောက် ကောင်း တစ်လုံး ရနိုး ရနိုးနဲ့ ရှေ့တိုး ရှာရင်း က မိဘနဲ့ မဆက်သွယ် မိသူတွေ၊ ကျောက် တွေ့သော်လည်းအမေ ကို မေ့နေ ကြတဲ့သူ တွေ အတွက် ကျွန်တော်တို့ ဟောပြောတာ တွေဟာ တစ်ရပ် တစ်မြေမှာ လွမ်းနေရှာတဲ့ အမေတွေကို သတိတရ ရှိစေဖို့၊ အမေ့နို့ဖိုး နဲ့ အဖေ့ ချွေးဖိုး ပေးဆပ် ပွဲတွေကို ကျင်း ပ ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဟောပြော တော့မှ အမေကို လွမ်းရိပ် ပိုပြီး မျက်ရည် ယိုခဲ့ရတဲ့ လူငယ် တွေကိုလည်း တွေ့ရပါတယ်။
တပျောင်း ပျောင်လျှင်၊ ရွှေညာခွင်က
မိခင်မာတာ၊ သားမင်းလျာကြောင့်
နွေခါနွမ်းရိ၊ လွမ်းမချိခဲ့…
အကြောင်းကြောင့်ပင်၊ အောက်မေ့
လျှင်မူ
သက်ခင်ပြတ်မျှ၊ သားရွှေစကို
မယ်ကလွမ်းရာ၊ များလှစွာခဲ့….
တပေါင်းဆောင်းဝင်၊ သုံးခါစင်တည့်
အကယ်နွမ်း၍ ယိုင်ခဲ့ပြီ
အကျယ်ဝမ်း၌ မှိုင်ခဲ့ပြီ…
အမယ် လွမ်း၍ လှိုင်ခဲ့ပြီ. ..ဟု ဆိုတော့ မိဝေး ဖဝေး နေကြရသူတွေ မိဘ၊ ဆွေမျိုး များကို သတိရ ကြရှာ ပါတယ်။
မှော် ဒေသမှာ ဒုတိယ တွေ့ခဲ့ရတဲ့ အ ရာဟာ ဒီ ဒေသမှာက ဒေသခံ ခရစ်ယာန် ဘာသာဝင် အများစု၊ ဗုဒ္ဓဘာသာ ၀င်တွေ လည်း ရှိတယ်။ ဒီတော့ ခရစ်ယာန် သင်း အုပ် ဆရာများနဲ့ ဗုဒ္ဓဘာသာ ဆရာတော် များဟာ ဘာသာ ခွဲခြားမှု မရှိဘဲ အသင်း တော် မှာ အခမ်းအနားကို လက်ခံကျင်းပ တဲ့အခါ ကျင်းပ၊ ဓမ္မာရုံမှာ ပြောင်းပြီး ကျင်း ပတော့လည်း ခရစ်ယာန် လူငယ်များက သီချင်းတွေ ဆိုပြီးမိဘကျေးဇူး ဆုတောင်း မှုပြုကြ တာက ၀မ်းသာ စရာကြီးပါပဲ။
ကျောက်စိမ်း ထွက်ရှိရာ မှော်ဒေသ က အမေ့နို့ဖိုး နဲ့ အဖေ့ ချွေးဖိုး ပေးဆပ် ပွဲဆိုတာ တိုင်းရင်းသား ညီအစ်ကို တွေ တစ်သွေး တစ်သား တည်းဆိုတာကို ပြ သတဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ ကချင် ရွာ တွေကို ကျွန်တော်တို့ သွားတော့ ကျေး ရွာသူ အပျိုတစ် သိုက်က ကချင်ရိုးရာ ထမင်းဟင်းတွေနဲ့ ချက်ကျွေး ကြပါတယ်။ ဖက်ထဲမှာ ထမင်းထည့်ပြီး မုန်ညင်း၊ ပိန်းဥ ဟင်းချို၊ ကြက်သား ကချင်ချက်၊ ငါးမုန် ညင်းချဉ်၊ ၀က်သား မက်လင်ချောက်၊ အမဲသား အချဉ်ရွက်ချက်၊ မြင်းခွ ရွက် သုပ်၊ အမဲခြောက် ဖုတ်အပြင် ပန်းဥရော ပြီး ချက်ထားတဲ့ ဟင်းက မွှေးကလည်းမွှေး၊ ဆီမပါလို့ သွေးတိုးမှာလည်း မကြောက်ရ တော့ တ၀ကြီး စား၊ ရာသီဥတု ကလည်း အေး၊ တိုင်းရင်းသား ညီရင်း အစ်ကိုတွေ အခုလို ချစ်ကြရင် သွေးခွဲ တော့ရော သွေး ကွဲ တယ်ဆိုတာ ဘယ်လို ရှိတော့ မလဲလို့ စဉ်းစား မိပြီး ပီတိတွေ ဖြစ်ရ ပါတယ်။
ကျွန်တော် တို့က အမေ့နို့ဖိုးနှင့် အဖေ့ ချွေးဖိုး ပေးဆပ်ပွဲ ဆိုပေမယ့် ကျွဲ ကူး ရေပါဆိုသလို၊ နိုင်ငံတကာ ဗဟုသု တ၊ ရသ၊ အလင်္ကာ စကား တွေပါ ထည့် ပြောကြတော့ သူတို့လည်း သဘောကျ နှစ်သက် ကြပါတယ်။ ကျွန်တော် ဟာ နိုင်ငံ တကာ စာပေ ဟောပြောပွဲ တွေကို တောင် မကြာခဏ သွားပြောနေတတ် တာ အခုလို တိုင်းရင်းသားရိုးရာ၊ ကျေးရွာ လေးတွေမှာ၊ တရင်း တနှီးပြောရရင် အင်္ဂလိပ်၊ အမေရိကန်နဲ့ ဂျပန်ကို တောင် မသွား ချင်ပေါင်လို့ ဆိုချင် ပါတယ်။
မှော်ဒေသ ဆိုတာ ကျောက်အပြိုင် ရှာကြတဲ့ ဒေသ၊ စက် ယန္တရားကြီးတွေ သုံး ပြီးတောင် တွေဖြိုချ၊ တောင်ကြားတွေ ကို မိုးထိ အောင်ဖို့ပြီ၊ နေ့မအား၊ ညမနား လောဘ စိတ်ကို အရင်းလုပ်ပြီး ဆောင် ရွက် နေတာ လောဘ ကမ္ဘာထဲမှာ အမေ့ နို့ဖိုးနဲ့ အဖေ့ ချွေးဖိုး ပေးဆပ် ပွဲတွေ ကျင်း ပတာ ဟာ အေးမြမှု၊ ကြည်နူးမှု အစုံစုံဖြစ် ပေါ်စေဖို့ လောဘ နယ်မြေမှာ နှင်းမှုန်တွေ ပက်ဖျန်း သလိုပဲ ရှိလို့ ကျွန်တော်တို့ ပီတိ အဖုံဖုံ ဖြစ်ခဲ့ ရပါတယ်။
အမေတဲ့
နွေရဲ့ ဆန့်ကျင်တဲ့သင်္ကေတ
အောချ ချီးမြှောက်မဆုံး
လောကကြီးတစ်လျှောက်လုံးရဲ့အမေ
ဒီအမေပဲပေါ့
နွမ်းသမျှတွေကြွေ ကျဝေးကွာ
စမ်းကျရေအေးပမာ
စေတနာရေကြည်ပေးတဲ့အမေ
မမြင်သာဝိုးတ၀ါးဘ၀အမှောင်
လမ်းမှာ
အကြင်နာတိုးပွားရ၊ လရောင်
ဖျန်းတာအမေ
မေတ္တာရေအေး အမြိုက်တေးကို
တိုက်ကျွေးတာအမေ အမေ
ဖူးမြော်ကန်တော့
ဦးတော်ချလို့ ဂါရ၀ပြုရတဲ့အမေ
ဝေးကွာလို့နွမ်းလျှင်
ပြေးလာလို့နမ်းတဲ့အမေ
လူသားအားလုံးရဲ့အမေ
စံပြသမိုင်းတင်တဲ့အမေ
အနန္တဂိုဏ်းဝင်တဲ့အမေ
အမေ..အမေ..အမေ
ဖားကန့် ဒေသ မှော်တစ်ခွင် တစ်ပြင် မှာ အမေ့ ဂီတ သံတွေကလည်း လွင့်ပျံ လို့ နေပါတယ်။
ချစ်စံဝင်း
Share


