အင်းလေး ကန်နှင့် ပတ်ဝန်းကျင် ရေဝေ ရေလဲ ဒေသများ ထိန်းသိမ်း ရေး စီမံချက်ကို အပိုင်းလေးပိုင်း ခွဲ၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး (FREDA) အသင်း ဒုတိယ ဥက္က ဦးအုန်း က ပြောကြား သည်။
အဆိုပါ စီမံချက် ကို FREDA အသင်းနှင့် အတူ ရှမ်းမောမြေ ကုမ္ပဏီ လီမိတက် နှင့် မြန်မာနိုင်ငံ လုပ်ငန်းရှင် အသင်းတို့က ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။ အင်းလေးကန် နှင့် ပတ်ဝန်းကျင် ရေဝေ ရေလဲ ဒေသ များကို ထိန်းသိမ်း စောင့်ရှောက် ရန်အတွက် ကျွန်းမျော စိုက်ခင်း များ၏ အခြေ အနေ များကို စစ်တမ်း ကောက်ယူ ကာ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“အင်းလေးက အခု တော်တော်လေး အခြေအနေ ဆိုးနေတယ်။ ကျွန်းမျော စိုက်ခင်း တွေမှာသုံးတဲ့ ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ က ရေထဲေ ရာက်ပြီး ငါးတွေ သေတယ် ကြားတယ်။ အဆိပ် ဖြစ်တာ ပေါ့။ အဲဒီအတွက် ဒေသခံ လူထုကပါ အန္တရာယ် ရှိနိုင်တဲ့အပြင် Eco Tour (ပတ်ဝန်းကျင် ဒေသ လေ့လာ ရေး ခရီးသွား) တွေ အတွက်ပါ ထိခိုက် နိုင် တယ်။ ဒါတွေကို ဆက် လေ့လာပြီး စိုက်ပျိုးရေး ညစ်ညမ်းမှု နဲ့ စီးပွားရေး တွေကို ကောင်းမွန် တိုးတက် လာအောင် ဘယ်လို လုပ်ရမယ်။ ဘယ်လို ကိုင် တွယ် ရမယ် ဆိုတာ စာရင်းကောက်ပြီး လုပ်ဖို့ရှိတယ်” ဟု ဆရာကြီး ဦးအုန်းက ဆက်လက် ပြောသည်။
အင်းလေးကန် အပါအ၀င် အနီး ပတ်ဝန်း ကျင်ရှိ ရေဝေ ရေလဲဒေသ များ၏ ဂေဟာ စနစ်များကို ၀ိုင်းဝန်း ထိန်းသိမ်း ပေးရန်ဖြစ်ရာ အဆိုပါ ဒေသ များတွင် စီမံချက် လေးခု ကိုရေးဆွဲ ကာ အကောင် အထည် ဖော် ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။ အထက်ပါ အဖွဲ့အစည်း များက အင်းလေး ကန်နှင့် အနီး တစ်ဝိုက် တွင် ဖြစ်ပေါ် နေသော ရေထု ညစ်ညမ်း မှု အပါအ၀င် အခြေအနေ အရပ်ရပ်ကို စာရင်း ကောက်ယူ ခြင်းကို ပထမ အဆင့် အနေဖြင့် ဆောင်ရွက်မည် ဖြစ်ကာ အင်းလေးကန် အတွင်းမှ ရေများကို ရေခဲ သေတ္တာ အတွင်း ထည့်ယူ၍ ၂၄ နာရီ အရောက် ဓာတ်ခွဲ ခန်း ပို့စစ်ဆေးခြင်း ကို ဆက်လက် လုပ်ဆောင်မည် ဖြစ် သည်။
စီးပွားရေး အနေဖြင့် ခရမ်းချဉ်၊ ပဲ၊ မြေပဲ စိုက်ပျိုး ရာတွင် စိုက်စနစ် မှန်ကန်မှု ရှိမရှိနှင့် အဆိပ် အတောက် ရှိသော ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေးများ အစား သဘာဝ မြေသြဇာများဖြင့် အစားထိုး စိုက်ပျိုးခြင်း ကို ဒေသခံ တောင်သူ များနှင့် တွေ့ဆုံ ပညာပေးခြင်း လုပ်ငန်းများအား စိုက် ပျိုးရေး အဖွဲ့က ခေါင်းဆောင်ကာ စုစည်း လုပ်ကိုင်မည် ဖြစ်သည်။ အဓိက လုပ်ဆောင်ချက် အနေဖြင့် ရေသန့် ရှင်းရန် ရေသန့် စက်များကို အသုံး ပြုကာ လုပ်ကိုင်ရန် စိစစ် ဆောင်ရွက် လျက်ရှိပြီး ထင်းကုန်ကျမှု သက်သာ စေရန် ထင်းအစားထိုး မီးဖိုများ သုံးစွဲရန် လည်း ဆက်လက် ပညာပေး လုပ်ကိုင် မည်ဟု သိရသည်။ အဆိုပါ အင်းလေးကန် ဒေသထိန်းသိမ်း ရေး စီမံချက်ကို သုံးနှစ် စီမံကိန်းအဖြစ် သတ်မှတ်ထားပြီး ထို စီမံချက် အတွက် ကန်ဒေါ်လာ ၁,၀၀,၀၀၀ ခန့် ကုန်ကျမည် ဟု ခန့်မှန်း ထားကြောင်း FREDA အသင်းမှ ဆရာကြီး ဦးအုန်းက ပြောကြားသည်။
အေးမြခိုင်
Share


