ပြည်ပမှ တင်သွင်း လျက်ရှိသည့် အရက်၊ ဘီယာ၊ စီးကရက်နှင့် ရေသန့်ဘူး အမျိုးမျိုး တို့ကို အခွန်အမှတ် တံဆိပ် ကပ်နှိပ်ပြီး မှသာ ရောင်းချ ရမည်ဖြစ်ကြောင်း နှင့် အခွန်အမှတ် တံဆိပ် ကပ်နှိပ် ထားခြင်း မရှိသော ကုန်ပစ္စည်း များ ရောင်းချပါက ဥပဒေ နှင့် အညီ အရေးယူ မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ စားသောက်ကုန် ဈေးကွက်တွင် တရားမ၀င် တင်သွင်း ထားသည့် စားသောက် ကုန် ပစ္စည်းများကို အခွန်အမှတ် တံဆိပ် မပါ ရှိဘဲ ရောင်းချ နေသည်ကို တွေ့ရှိ နေရသေး သည့်အတွက် သက်ဆိုင်ရာက အဆိုပါ ပစ္စည်း များကို သိမ်းဆည်း အရေးယူခြင်း ထက် လက် ၀ယ် ပိုင်ဆိုင် ထားသူများအား အခွန်အခ များ ပေးဆောင် စေခြင်းဖြင့် ဆက်လက် ရောင်း ချခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဆိုင်တွေက လိုင်စင်ယူ ပြီး တရားဝင် ရောင်းချတဲ့ ဆိုင်တွေပါ။ ပစ္စည်း ကတော့ အခွန် တံဆိပ် ပါတာရော၊ မပါတာ ရော စုံ နေတာပေါ့။ အမှန်က လာစစ်လို့ အခွန်တံဆိပ် မပါတာ တွေ့ရင် သိမ်းသွား နိုင် တယ်လေ။ အခု အခွန် ဦးစီး ဌာနကညှိနှိုင်းပြီး မျှမျှတတနဲ့ တံဆိပ်မပါတာတွေကို အခွန် ဆောင် စေပြီး တံဆိပ်ကပ် ဆက်ရောင်း ခိုင်း တဲ့အတွက် ကျေးဇူး တင်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်တထောင် မြို့နယ်မှ စားသောက်ဆိုင် ရှင် တစ်ဦး ကပြောသည်။
အဆိုပါ တရားမ၀င် ကုန်ပစ္စည်း များသည် နေရာ အနှံ့ရောက်ရှိ နေရာ လက်ဝယ် ပိုင်ဆိုင် သော သူများ အနေဖြင့် ဥပဒေ နှင့် အညီအခွန် အခများ ပေးဆောင် ပြီးနောက် အခွန် အမှတ် တံဆိပ်များ ကပ်နှိပ် ရောင်းချမည် ဆိုပါက သိမ်း ဆည်း အရေးယူခြင်း မပြုဘဲ တရားဝင် ရောင်းချခွင့်များ ပြုမည်ဟူသော အသိပေး ကြေညာချက် အပေါ် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
သက်ဆိုင်ရာ အဖွဲ့က အဆိုပါ လုပ်ငန်း ကို ၂၀၁၀ ပြည့်နှစ်၊ မတ် ၃၁ ရက်အထိ ဆောင်ရွက် ပေးမည်ဖြစ်ပြီး အဆိုပါ နေ့ထက် ကျော်လွန် ပါက အခွန်အမှတ် တံဆိပ်ကပ် နှိပ်ထားခြင်း မရှိသည့် ကုန်ပစ္စည်းများ အပေါ် ဥပဒေများ နှင့် အညီ အရေးယူ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
အေးမြခိုင်
Share


