မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ် သူများ အသင်း ပထမအကြိမ် မြန်မာ့ စက်မှု ပြပွဲကို နေ့စဉ် ကံစမ်းမဲ နှိုက်ပေးခြင်း၊ ဖျော်ဖြေရေး အစီအစဉ် များဖြင့် ဖျော်ဖြေခြင်းများ ထည့်သွင်း၍ ကျင်းပမည် ဖြစ်ရာ လုပ်ငန်းရှင် များနှင့် လာ ရောက် လေ့လာ လိုသူများ အခမဲ့ လာရောက် ကြည့်ရှု နိုင်ကြောင်းနှင့် ပါဝင် ပြသ လိုသော လုပ်ငန်းရှင် များအား ဖိတ်ခေါ် ထားသည်။ အဆိုပါ မြန်မာ့ စက်မှုပြပွဲ (Myanmar Industrial Exhibition 2010) ကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ မတ် ၅ ရက် မှ ၇ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ် ပြသ မည်ဖြစ်သည်။
ပြပွဲတွင် မြန်မာ တစ်နိုင်ငံလုံးရှိ ကုန်ထုတ် လုပ်ငန်း များအား ကိုယ်စား ပြုသော ပြည်တွင်း ထုတ်ကုန် ပစ္စည်းများ ဖြစ်သည့် လူသုံးကုန် ပစ္စည်း အမျိုးမျိုး၊ အလှကုန်၊ စားသောက်ကုန်၊ ဖိနပ်၊ လျှပ်စစ်ပစ္စည်း၊ လယ်ယာသုံး စက်ပစ္စည်း အမျိုးမျိုး၊ လုပ်ငန်းသုံး ဓာတုပစ္စည်း၊ ကျန်းမာရေးသုံး ကိရိယာအမျိုးမျိုး၊ စက်မှု ဇုန်ထုတ် မော်တော်ယာဉ် အမျိုးမျိုး၊ မော်တာ ရေစုပ်စက်၊ လေမှုတ်စက်၊ သံ ထည်နှင့် အိမ်ဆောက် ပစ္စည်း အမျိုးမျိုးနှင့် အထည်အလိပ် လုပ်ငန်းတို့ ပြသ ရောင်းချ မည်ဖြစ်သည်။
နိုင်ငံအတွင်း ထုတ်လုပ် နေသည့် ကုန်ပစ္စည်း များသည် နိုင်ငံတကာ အဆင့်အတန်း မီ ကုန်ပစ္စည်းများ ဖြစ်ကြောင်း လာရောက် လေ့လာသူများ သိရှိ နိုင်ရန်၊ လုပ်ငန်းရှင် အချင်းချင်း စီးပွားရေး ဆက်သွယ်မှု ရရှိ နိုင်ရန်နှင့် ဈေး ကွက် ချဲ့ထွင် နိုင်ရန်၊ သဘာဝ အရင်းအမြစ် များကို အကျိုးရှိရှိ အသုံးချ ရန်နှင့် စက်မှု ပို့ကုန်များ ကို ချဲ့ထွင် တိုးမြှင့်ရန် စွမ်းအင် သုံးစွဲမှု ကို ထိန်းသိမ်း လျှော့ချပြီး အသစ်နှင့် ပြန်လည် ဖွံ့ဖြိုး စွမ်းအင် များကို အသုံးပြုရန် စသည့် ရည်ရွယ်ချက် များဖြင့် ပြပွဲ ကျင်းပခြင်း ဖြစ်ကြောင်း စက်မှု ကုန်ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးပေါဟိန်းက ပြောကြား သည်။
ပြပွဲတွင် ပြခန်းပေါင်း ၁၆၁ ခန်း ပါဝင်မည် ဖြစ်ပြီး ပြပွဲသို့ လာရောက် လေ့လာသူများ၊ စိတ် အပန်းဖြေ နိုင်စေရန် ခန်းမ ၏ ပြင်ပတွင် ဖျော်ဖြေရေး စင်မြင့် ထားရှိကာ တင်မိုးလွင် (မော်ဒယ်အေဂျင်စီ) နှင့် တေးသံရှင် များက ဖျော် ဖြေ တင်ဆက်မည် ဖြစ်သည်။ ထို့အပြင် ပြပွဲ လာသူတိုင်း အား ကံစမ်းမဲ လက်မှတ်များ ပေးမည်ဖြစ်ပြီး နေ့စဉ် ညနေ ၅ နာရီ အတွင်း ၂၁ လက်မတီဗီ၊ EVD အပါအ၀င် ဆုမဲများ ပေးမည် ဖြစ်ကြောင်းနှင့် ပေါက်မဲ များကို ကြေညာ ကာ ပြပွဲ နှင့် စက်မှု ကုန်ထုတ်လုပ်သူများ အသင်းတွင် ဆုများ လာရောက် ထုတ် ယူ နိုင်ကြောင်း သိရသည်။
အေးမြခိုင်
Share


