နတ်မတောင်၊ လုံတိန်းတောင်၊ မောပိတောင်၊ ဘုံတလာ ရေတံခွန် တောင်နှင့် ပုပ္ပား တောင်မကြီး တောင်တက် အတွေ့အကြုံနှင့်ခံစားမှုများ
တက္ကသိုလ် ခြေလျင်နှင့် တောင် တက် အသင်းကြီးသည် လူမှုအဆင့် မျိုးစုံ၊ အလွှာမျိုးစုံ၊ မိသားစု မျိုးစုံမှ လူပေါင်းစုံ များဖြင့် စုစည်း ထားခြင်း ကြောင့် စိတ်တူ ကိုယ်တူ ဖြစ်ရန်မှာ မလွယ်ဟု ထင်ရပါသည်။ သို့သော် အသင်းဝင် တစ်ဦးသည် ခရီးကြမ်း တစ်ခု သို့မဟုတ် တောင်တက် ခရီးစဉ် တစ်ခုကို စိတ်ရော ကိုယ်ပါ အား ထည့်၍ လိုက်ပါ နိုင်ပြီဆိုလျှင် အဖွဲ့ သား များနှင့် စိတ်တူ ကိုယ်တူဖြစ် သွားကြသည်။
ခြေလျင်နှင့် တောင်တက် ခရီး သည် မတစ်ရာ သားအား စိတ်တူ ကိုယ်တူဖြစ်အောင်၊ အေးအတူ ပူအမျှ၊ ရဲဘော် ရဲဘက် စိတ်ထား တတ်အောင် ဆောင်ရွက် နိုင်သော အားကစား နည်း တစ်ခုပင်ဖြစ်သည်။ တောင် တက် ခရီးစဉ် တစ်ခုသည် တစ်ဦး တစ် ယောက်၏ အောင်မြင် ခြင်းမျှသာ မဟုတ်ဘဲ တစ်ဖွဲ့လုံး၏ အောင်မြင် မှုပင်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီ ၁ ရက်မှ ၈ ရက် အထိ ရှစ်ရက် အတွင်း တက္ကသိုလ် များခြေ လျင်နှင့် တောင်တက် အသင်း၏ မှတ် တိုင် သစ် တစ်ခု အဖြစ် အောင်မြင်မှု စိုက်ထူ နိုင်ခဲ့ သည့်ခြေလျင် နှင့် တောင် တက် ခရီးစဉ်တွင် ကိုယ်တိုင် တက် ရောက်ခဲ့သည့် အသင်း ဥက္ကဋ္ဌ ဦးမျိုး သန့် ၏ အတွေ့အကြုံ များကို စာဖတ် သူများ မျှဝေ ခံစားနိုင်ရန် ရည်ရွယ် ဖော်ပြ လိုက်ပါသည်။
ဆရာတို့ အဖွဲ့ ဒီနှစ် ဆန်းပိုင်း မှာ တောင်ငါးတောင် တက်ရောက် ခဲ့ရတဲ့ အကြောင်း ရင်းကို ပြောပြ ပေးပါ။
အခုထက် မြင့်မားတဲ့ ရေခဲ တောင် ခရီးစဉ် တွေကို တက်ရောက် နိုင်ဖို့ အတွက် လေ့ကျင့်မှု သဘောနှင့် တောင် ငါးတောင် တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။
ဆရာတို့ အရင်ဆုံး တက်ရောက် ခဲ့တဲ့ နတ်မတောင် အတွေ့အကြုံလေး ကို ပြောပြပေးပါ။
နတ်မတောင်က အရှေ့ တောင် အာရှနိုင်ငံ တွေထဲမှာ အမြင့် ဆုံး မြေသား တောင်ဖြစ်တယ်။ ဒီ တောင်က ပေပေါင်း ၁၀,၅၀၀ မြင့်မား ပြီး အေးမြ တဲ့ရာသီဥတု ရှိတဲ့အပြင် သမပိုင်း ရာသီဥတု ဖြစ်တာကြောင့် တောင်ထိပ် မှာ ရေမခဲဘူး။ နတ်မ တောင် တက်ဖို့ ချင်းပြည်နယ် မင်း တပ် အခြေစိုက် စခန်းကနေ စတက် ခဲ့တယ်။ အသွား အပြန်မိုင် ၅၀ ကွာ ဝေးတယ်။ တက်တဲ့အချိန်က ဆောင်း ရာသီ ဖြစ်တော့ အအေးဒဏ်ကို အရမ်း ရင်ဆိုင်ရတယ်။ တောထဲမှာ လေးရက် နေခဲ့ရတယ်။ အမျိုးသမီး တွေက တဲနဲ့ နေတယ်။ အမျိုးသား တွေက တစ်ဖက်ရပ် တဲတွေနဲ့ အိပ်ခဲ့ ရတယ်။ အဲဒီမှာ ရှိတဲ့အအေးက အနုတ် ၃၊ အနုတ် ၂ ဒီဂရီ စင်တီဂရိတ် အထိ အေးတယ်။ မီးလှုံပြီး နေရတယ်။ ရင်ဆိုင် ရတာက လူသား အချင်းချင်း ရင်ဆိုင် ရတာမဟုတ်ဘူး။ သဘာဝ တရား ကြီးကို ဇွဲမာန်၊ လုံ့လ၊ ၀ီရိယတွေနဲ့ ရင်ဆိုင် ခဲ့ရတာပါ။ ဇန်န၀ါရီ ၁ ရက်မှာ တောင်ထိပ်ကို ရောက်ခဲ့ တယ်။ နောက် မင်းတပ် ကိုပြန်လာ တယ်။ မင်းတပ်ကနေ မတူပီကို ကား နဲ့သွားတယ်။ ဖနိုင်ရွာ အထိ ကားနဲ့ ဆက်သွားကြတယ်။ ဖနိုင်ရွာ ကမှ ဘုံတလာ ရေတံခွန်တောင်ကို တောင် တက် လမ်းတစ်လျှောက် တက်ခဲ့ကြ တယ်။ ဘုံတလာ ရေတံခွန်တောင်က ရခိုင်ပြည်နယ်မှာ စီးဆင်း တဲ့ လေး မြို့မြစ်ရဲ့ မြစ်ဖျားခံ အစရေတံခွန်ဖြစ် တယ်။ ဘုံတလာ ရေတံခွန်တောင် က မတူပီ မြို့နယ် ထဲမှာရှိတယ်။ ဒီဘုံတ လာ ရေတံခွန် တောင်ကနေ ဖနိုင်ရွာ ကိုပြန်လာတယ်။ ဖနိုင်ရွာကမှ မတူ ပီမြို့နယ် ထဲမှာရှိတဲ့ လုံတိန်း တောင် ကို ဆက်တက် ခဲ့တယ်။ လုံတိန်းတောင် က ခရီးသွား အရောက် အပေါက်မရှိ ဘူး။ မုဆိုးလမ်း ပဲရှိတယ်။ အရမ်း ကြမ်းတမ်းတဲ့ ခရီးစဉ် ဖြစ်တယ်။
ဒါဆိုရင် ဆရာတို့ လုံတိန်း တောင်တက်တဲ့ အတွေ့ အကြုံက ခက်ခဲ ကြမ်းတမ်း မှာပဲနော်။
ဒီတောင်ကို တက်တဲ့အခါ မှာ လူသူ အရောက် အပေါက်က မရှိ ဘူးလေ။ ဆရာတို့ တက်တာ ပဲရှိတာ။ ဒါ့ကြောင့် လမ်းကို ထွင်ပြီး သွားကြ တယ်။ သက်နု မြေသား တောင်ဖြစ် တော့ မြေက ချောတယ်။ သစ်ပင် နွယ်ပင် တွေကို ထိန်း ထားပြီး တက် ခဲ့ရပါတယ်။ တောင်တက် ကြိုးကို အသုံးပြုပြီး တက်ခဲ့ရတယ်။ မတူပီ မြို့နယ် ထဲမှာ အမြင့်ဆုံး ၈,၄၂၂ ပေ မြင့်တယ်။ လုံတိန်း တောင်ကို ဇန်န ၀ါရီ ၅ ရက်မှာ ရောက်တယ်။ အဲဒီ ကနေ ဖနိုင်ရွာကို ပြန်ဆင်း ခဲ့တယ်။ မတူပီ မြို့နယ်ကို ကားနဲ့ ပြန်သွားတယ်။ ညပိုင်းမှာ ရောက်တယ်။ နောက်နေ့ မတူပီ ကနေ မင်းတပ်ကို ပြန်ဆင်း တယ်။ မောပိတောင် ကိုဆက်တက် တယ်။ မောပိ တောင်က မင်းတပ် ကားလမ်း ဘေးမှာရှိတယ်။ အဆင် ပြေပါတယ်။ အသွားအပြန် သုံးနာရီ လာက်ပဲ ကြာတယ်။ မင်းတပ်မှာ ညအိပ်တယ်။ ပြီးရင် ပခုက္ကူ လက်ပံ ခြေပေါ်ကနေ ပုပ္ပားတောင်မကြီး ကို တက်ခဲ့ ပါတယ်။ ပုပ္ပား တောင်မ ကြီးက သာမန် မြေသား တောင်ဖြစ် တယ်။
ဆရာတို့ ခုလို တောင်ငါးတောင် ကိုတက်ရောက် နိုင်ခဲ့တာ ဘာကြောင့်ပါလဲ။
ခုလို တက်ရောက်အောင် မြင်တာ ကလည်း စည်းကမ်းရှိမှု၊ အမိန့် နာခံတတ်မှု၊ စည်းလုံး ညီညွတ် မှု၊ အပြန် အလှန်ရိုင်းပင်း ကူညီမှုတို့ ကြောင့် အောင်မြင် ခဲ့တာပါ။
နောက်ထပ် ဘယ် ခရီးစဉ်တွေ တက်ဖို့ စီစဉ် ထားပါသလဲ။
၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ မှာ ကချင်ပြည်နယ် မှာရှိတဲ့ အီမော ဘွန်း ရေခဲတောင်(ပေ ၁၃,၃၅၀)ကို တက်ဖို့ စီစဉ် ထားပါတယ်။
ယဉ်ယဉ်လှ
Share
